Murder to General Aung San (Part-1)

Posted by ဘိုဘို On 12 June 2009 2 comments
ဗမာပြည်နိုင်ငံရေးရာဇ၀င်တွင် မကြုံဘူး၊ မကြားဘူးအောင် အထိနာလိုက်ရသည့် လုပ်ကြံမှုကြီးကို လူတိုင်း
လတ်လတ်ဆတ်ဆတ် မှတ်မိနေကြဦးမည်ဟု ယူဆပါသည်။ ၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်
အောင်ဆန်းအမှူးပြုသော တိုင်းပြည်ခေါင်းဆောင်ဝန် ကြီးများကို ဦးစောတို့လူစုက ရက်ရက်စက်စက် လုပ်
ကြံ သတ်ဖြတ်သည့် အမှုအခင်းကြီးကို ဆိုလိုပါသည်။ ဤအမှုကြီးနှင့်ပတ်သက်၍ လူတိုင်းလိုလို စိတ်ဝင်စား
ကြသည့်နည်းတူ ကျွန်တော်လည်းအမှန်ကို သိလိုသဖြင့် ရန်ကုန်ထောင်ကြီးအတွင်း ၃ နှစ်ကျော်မျှ နေထိုင်
ရစဉ် ထိုအမှုနှင့် ပတ်သက်၍ တသက်တကျွန်း အပြစ်ပေးခံနေကြရသော ခင်မောင်ရင်၊ ကိုနီ၊ ကိုသုခတို့နှင့်
စကားစမည်ပြောခွင့် ၄င်းတို့ အားမေးမြန်းခွင့်ရရှိခဲ့သဖြင့် သတင်းစာများတွင် မပါသေးသည့် ထိုလုပ်ကြံမှု
ကြီးနှင့်တစ်ဆက်တည်းဖြစ်သော အကြောင်းအရာ အချက်အလက်များကို ထပ်မံသိရှိခဲ့ရပါသည်။ ထို့ပြင်လူ
တစ်ယောက်သည် ဤကဲ့သို့သောမှုကြီးခင်းကြီးတွင် ဘယ်သို့သော အကြောင်းများကြောင့် ပါဝင်ခဲ့ရသည်
ဆိုသည့် အကြောင်းကိုလည်းလေ့လာလိုသဖြင့် ကိုသုခအား မိဘမျိုးရိုးမှစ၍ လူ့ဘ၀ရောက်လာပုံ၊ ဤအမှု
ကြီးတွင် မည်သို့မည်ပုံ ပါဝင်လာခဲ့ရပုံများကို ပြောပြရန်တောင်းပန်သဖြင့် ကိုသုခသည် စိတ်ရှည်လက်ရှည်
ပြောပြရှာပါသည်။ ကိုသုခပြောပြသည်များကို ကျွန်တော်က ကြိုတင်ဝေဘန်ခြင်းမပြုလိုပါ။ မူရင်းအတိုင်းယ
ခုတင်ပြလိုက်သည် ဖြစ်ရာ စာဖတ်သူမိတ်ဆွေများသည် လူတစ်ယောက်ဘ၀ကိုလေ့လာသောသဘောဖြင့်
အချိန်ယူ၍ကျကျနန ဖတ်စေလိုပါသည်။

လူထုဦးလှ

ကိုသုခ
(အသက် ၄၁ နှစ်တွင်း)
(လုပ်ကြံမှုကြီးတွင်ပါဝင်သူတစ်ဦး)
-------------------------------------------------------------------------------------------------------------
ကိုသုခပြောပြသည်မှာ....
ကျွန်တော့်အဖေက အထက်သားပါ။ မြင်းခြံခရိုင် တလုပ်မြို့ကဖြစ်ပါသည်။ အဖေ့အမေက ဒေါ်ငယ်မပါ။ အ
ဖေ့နာမည်ကတော့ ဦးမှော်ဖြစ်ပါသည်။ ဦးမှော်နှင့် သူရဲဝန်ကတော် ဒေါ်ရွှေမယ်မှာ မောင်နှစ်မတ၀မ်းကွဲတော်
ပါသည်။ သူရဲဝန်သည် မြင်ကွန်းမြင်းခုန်တိုင်အရေးတော်အခါက မင်းတုန်းမင်းဘက်က လိုက်၍တိုက်သူဖြစ်
ပါသည်။ အဖေ့အကိုကဦးရွှေဘော်ပါ။ ကျွန်တော့်အဖေနှင့်ဘကြီးတို့မှာ တိုင်းပြည်အခြေအနေကြောင့်တ
ကြောင်း၊ အလုပ်အဆင်မပြေမှုများကြောင့် တကြောင်း အလွန်ပင်ဆင်းရဲကြပါသည်။ ရပ်ရွာမှာမနေနိုင်
လောက်အောင်ပင် အခြေအနေဆိုးသောကြောင့် ဦးရွှေဘော်နှင့် ဦးမှော် ညီအစ်ကိုနှစ်ယောက်လည်းအောက်
ပြည်သို့ထွက်ခဲ့ကြပါသည်။ ခြေလျင်လျှောက်သည့်အခါလျှောက် ၊ လှေရသည့်အခါ လှေနှင့်ဆင်းခဲ့ကြရင်း
လမ်းတွင်ရပ်နားပြီး အလုပ်အကိုင်များလုပ်ကြရသည့်အခါလည်းလုပ်ကြရပါသည်။ နောက်ဆုံးတွင် ညီအစ်ကို
နှစ်ယောက်သည်အောက်ဗမာပြည် မြစ်ဝကျွန်းပေါ်ကျိုက်လတ်နယ်သို့ ရောက်လာကြပါသည်။ ထိုဒေသမှာ
ထိုစဉ်အခါက လယ်ယာမြေကောင်းကောင်းမရှိသေးပါ။ သစ်တောကိုင်းတောကြီးသာဖြစ်ပါသည်။ သစ်ပင်
တွေလှဲ၊ တောခုတ် ဂရံယူ ၃နှစ်ဆိုလျှင် ဓါးမဦးချလုပ်ကိုင်သူပိုင်ပါသည်။ ဤနည်းကောင်းကို တွေ့ကြရာ ညီ
အစ်ကို၂ယောက်သည် အထက်ပြန်သွားပြီး ဆွေမျိုးတွေကို ခေါ်ခဲ့ကြပါသည်။ ထိုအချိန်က သီပေါမင်းမပါ
သေးပါ။ သစ်ပင်တွေလှဲလိုက်သည့်အခါ မျောက်တွေကြက်တူရွေးတွေပြေးလွှား ပျံသန်းကြသည်ဟု ဆိုကြပါ
သည်။ ၁၂၄၇သီပေါဘုရင်ပါတော်မူသောနှစ်တွင် အမေတို့ကလည်း မိဘဆွေမျိုးများနှင့်အတူ အောက်ပြည်
သို့ရောက်လာပါသည်။ ထိုအခါအမေမှာ၂နှစ်သမီးသာရှိပါသေးသည်။ဇာတိကတော့နွားထိုးကြီးနယ်ငကွရွာ
ကပါ။ အဖေနှင့်အမေမှာ အောက်တွင်လာရောက် ဆုံဆည်းမိကြခြင်းဖြစ်ပါသည်။ အဖေကအမေ့ထက် အ
သက်များကြီး ကြီးပါသည်။ နှစ်ပေါင်း ၃၀ကြီးပါသည်။ အဖေ့ပထမအိမ်ထောင်မှာ ဒေါ်ယုဖြစ်ပါသည်။ မ၀က်
နှင့် ကိုရွှေသီးဆိုသော မောင်နှမနှစ်ယောက်ထွန်းကားပါသည်။ မ၀က်မှာ ငယ်စဉ်ကပင်သေဆုံးသွားပါသည်။
ဒေါ်ယုနှင့် လက်ထက်တွင် ကျွန်တော်သိရသလောက် စီးပွားရေးက အသင့်အတင့်သာလျှင် တက်ပါသေး
သည်။ အဖေမှာ အလွန်ကပ်စေးနဲသူဖြစ်ပါသည်။ ဟင်းကို ဆီမထည့်ရပါ။ဟင်းတွင်ဆီပါလျှင်ဒေါ်ယုကို ထ
ထောင်းသည် ဟုအဆိုရှိပါသည်။ "ဆီပါရင် မွဲရောပေါ့ဟဲ့" ဟုကြိမ်းမောင်းလေ့ရှိကြောင်းလည်း ပြောကြပါ
သည်။ ဒေါ်ယုသေဆုံးသွားသည့်နောက် ဦးမှော်သည်ကျုံပျော်သူ ဒေါ်ကျင်နှင့်လက်ထပ်ပြန်ပါသည်။ ဒေါ်
ကျင်နှင့် မစံတင့်ဆိုသော သမီးတစ်ယောက်ထွန်းကားပါသည်။ အမမစံတင့် ယခုရှိပါသည်။ ထိုအချိန်တွင်
လယ်ဧက အတော်အသင့် စီးပွားတက်လာပါသည်။ ဒေါ်ကျင်နှင့်ပေါင်းရသောနှစ်မှာ မများလှပါ။

ဆက်လက်ဖော်ပြပါဦးမည်...

2 comments to Murder to General Aung San (Part-1)

  1. says:

    mirror ဟေ့ရောင်..ဘယ်သူရေးတဲ့စာ..၊ဘယ်ကရခဲ့တယ်..။ဘာကြောင့် ပြန်တင်ပေးတယ်ဆိုတာလေးတော့ ထည့်ဦးလေကွာ..။

  1. says:

    ဘိုဘို စာထဲမှာပါနေလို့မထည့်တာမမရဲ့..