ဒေါ်ကျင်ဆုံးပြီးသည့်နောက် ဒေါ်သာယာနှင့်အိမ်ထောင်ကျပါသည်။ ဒေါ်သာယာနှင့် သား၃ယောက်၊သမီး
တစ်ယောက်ထွန်းကားရာကျွန်တော်မှာ တတိယသားဖြစ်ပါသည်။ ယခုကျွန်တော်တစ်ယောက်သာကျန်ပါ
တော့ သည်။အမေနှင့်ပေါင်းသော၁၀နှစ်အတွင်းတွင်စီးပွားအလွန်ပင်တက်ပါသည်။အလှူကြီးများလည်း
ပေးပါသည်။ ကျောင်း၊ ရေတွင်းရေကန်များကို ရွာတကာရပ်တကာမှာ ဆောက်လုပ်တူးဖေါ်လှူဒါန်းပါ
သည်။ ရာဝင်အိုးကြီး များနှင့်ဆီတွေလှောင်ထားပြီး ရောင်းလည်းရောင်း လှူလည်းလှူပါသည်။ အရပ်ထဲ
က လာတောင်းလျှင်လည်း ပေးပါသည်။ ငယ်ငယ်ကကပ်စေးနဲသလောက်ကြီးသောအခါလှူပါသည်။ မိုး
ဦးကျလာသောအခါ မျှောတိုင်၊ ဓနိ ၀ါးတွေပုံထားပါသည်။ ယူသောသူများက ကိုယ်တိုင်စာရင်းမှတ်ကြရ
ပြီး ပြန်ပေးလျှင်လည်းယူသည်။ မပေးလျှင်လည်း ဘာမှမပြောပါ။ နွေမိုးဆောင်းဥတုသုံးပါးလုံး၌အိမ်ရှေ့
တွင်ကနဖျင်းတဲကြီးထိုးထားပြီးထန်းလျက်၊ငါးခြောက်၊ပဲလှော် လက်ဖက် ခြောက်များအပြည့်အစုံထားပါ
သည်။စားချင်သူစားဆိုသောသဘောပင်ဖြစ်ပါသည်။ဒူးရင်းယိုတို့ ဟာလ၀ါတို့ ပါ ပါသည့်အခါ ပါပါသေး
သည်။ တခါတရံကျေးရွာများမှာ ဓါးပြပူပါသည်။ အဖေကတော့ သေနတ်လိုင်စင်လည်းမတောင်း သေ
နတ်လည်းမဆောင်ပါ။ အိမ်ကိုလည်း နေ့ညဥ့် တံခါးပိတ်သည်မရှိလှပါ။ အမြဲပင်တံခါးဖွင့်ထားပါသည်။
အဖေတို့အမေတို့နေသော ကျိုက်လတ်နှင့် ၁၀မိုင်ခန့်ဝေးသည့် ပရိုက်အနောက်စု ရွာတွင် ပျဉ်ထောင်
သွပ်မိုး အိမ်တွေအများကြီး အဖေကဆောက်ထားပါသည်။ လယ်လုပ်သူတွေ ဆွေမျိုးတွေ ထိုအိမ်များပေါ်
တက်ပြီး နေကြပါသည်။ အဖေသေဆုံးသောအချိန်တွင် ထိုအိမ်များကို နေထိုင်သူများက ပိုင်ကြပါသည်။
အမေတို့ ကလည်း ဘာမှမပြောကြတော့ပါ။
ဝက်သားရောင်းသောတရုတ်များသမ္ဗန်ကြီးများနှင့်လာလျှင် တစ်ရွာလုံးဘယ်သူဆင်းယူယူ အလှူကြီးပေး
လိုက် ပါသည်။တရုတ်များကစာရင်းမှတ်ထားပြီး အဖေ့ထံတွင်ငွေရှင်းရပါသည်။ငါးသည်များလှေဝမ်းပြည့်
မျှတင်လာ လျှင် ငါးလှေကိုဆင်းကြည့်ပါသည်။ အရှင်တွေများသည်တွေ့က `အချိန်ဘယ်လောက်လဲ၊
ဘယ်ဈေးလဲ´ မေးပြီး လှေနံကို နင်းမှောက်ပစ်ပါသည်။ အရှင်တွေကို လွှတ်၍ အသေတွေကို အလှူ
လုပ်ခြင်း ဖြစ်ပါသည်။ရွာအနီးအနားက အင်းများကို အားလုံးလေလံအုပ်ဆွဲထားပြီး ငါးများကို ဘေးမဲ့
ပေးထားပါသည်။ သူလေလံ ကြိုဆွဲထားသောကြောင့် သူသေပြီး ၇နှစ်အထိ အစိုးရက လေလံမပစ်နိုင်ပါ။
ဘယ်သူမှ အင်းမလုပ်ရပါ။ ကျိုက်လတ်မြို့ ၁၁ဖြတ်လမ်းက ကျောင်းတိုက်ကြီးထဲတွင် ကျောင်းတွေ
ဆောက်ပြီးလှူသည်။ ကျိုက်လတ် ဘုရားကြီးဝင်သည့် စောင်းထန်းကြီးကို မြို့ကတ၀က် သူကတ၀က်
ငွေထည့်ပြီးဆောက်လုပ်လှူဒါန်းခဲ့သည်။ ဘုရားကြီးထဲတွင် တံခွန်တိုင်ကြီးတစ်လုံးလဲလှူသည်။ မြို့ပေါ်
တွင် အောက် သမံသတင်းခံ တိုက်ခံပျဉ်ထောင် သွပ်မိုးအိမ် ၃၀ ခန့်ဆောက်သည်။ မိတ်ဆွေတွေ အသိ
အကျွမ်းတွေက အဖေ့ကို ပြောပြီးနေကြသည်ကများသည်။ ၁၂၈၀ပြည့်နှစ် အသက် ၆၇နှစ်မှာ အဖေဆုံး
ပါသည်။ထိုစဉ်က ကျွန်တော့်အသက်မှာ ၄နှစ်သာသာ ကလေးသာရှိပါသေးသည်။ အဖေဆုံးချိန်မှာ အခြား
အစ်ကို တစ်ယောက်နှင့်အဖေတူအမေတူမွေးချင်းအရင်း၂ယောက်သာကျန်ပါသည်။ ဒေါ်ယုနှင့်ရသော
သားကိုရွှေသီးမှာ ငယ်စဉ်ကတည်းက ကျောင်းကောင်းကောင်းမနေပါ။ ကျိုက်လတ်တွင်ရန်ကုန်မှဆရာ
တစ်ယောက်ခေါ်ထားပြီး အိမ်တစ်လုံးနှင့်သားကိုစာသင်စေရာတွင်လည်းလျှောက်လည်၍သာနေပါသည်။
အဖေကိုလည်းတော်တော်လေး မထေလေးစားလုပ်ပါသည်။ ထိုသားကို အဖေအသက်ရှိစဉ်ကတည်းက
ကျိုက်လတ်မှာ အိမ်တစ်လုံးပေးထားပါ သည်။ တခြားစီနေပါသည်။ လယ်တွေဘာတွေလည်းပေးထားပါ
သည်။ နွေရာသီစပါးသိမ်းရန် အဖေနှင့်အမေ တောသွားရင်း အဖေကကျိုက်လတ်မှာ ကိစ္စရှိသဖြင့် ကျိုက်
လတ်ကို ဆက်အသွား ၀မ်းရောဂါဖြစ်နေကြသောအချိန်ဖြစ်၍ အဖေ့ကိုဝမ်းရောဂါကူးစက်ပါသည်။ အမေ
လိုက်သွားရာ ၃ရက်သာ အသက်မှီလိုက်ပါသည်။ အမေက ရိုး၍ အလွန်ပင်ပူပင်တတ်ပါသည်။ အစ်ကို
ကိုရွှေသီးက အမေ့ကို တောပြန်ရအောင်ဆိုပြီး ၇ရက်ပြည့်ဆွမ်းသွပ်ပြီးသောအခါ သူကသော့ရအောင်ယူ
ထားကာရှေ့ကသမ္ဗန်နှင့်သွား ပါသည်။ မီးခံသေတ္တာထဲက စာချုပ်နှင့်ရွှေ၊ငွေ၊စိန်တွေယူပြီး ယူနီဖေါင်း
သေတ္တာနှင့်ထည့်၍ အခန်းတစ်ခန်းထဲစုထားကာအပိုင်စီးထားပါတော့သည်။ အိပ်လည်းစိတ်မချရ။ စား
လည်းစိတ်မချရသော ကျွန်တော်တို့တတွေမှာ ထမင်းစားလျှင်ပင် ဆေးခပ်မှာကြောက်၍ ထမင်းပွဲကို
လဲပြီးမှ စားရဲကြပါသည်။
ဆက်လက်ဖော်ပြပါဦးမည်..
0 comments to Murder to General Aung San (Part-2)
Post a Comment